|
နေပြည်တော်၊ ဒီဇင်ဘာ ( ၁၀ )။ မြန်မာ - အိန္ဒိယ နယ်စပ်
ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းရှိ အမြင့်ပေ (၁၅၆၃၁)
ပေရှိသော မလိရေခဲတောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်
နိုင်ခဲ့သည့် မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်
အတွင်းရေးမှူး ဒေါက်တာခင်မောင် ခေါင်းဆောင်သော ကျောင်းသားလူငယ်
တောင်တက်အားကစားအဖွဲ့ဝင် (၃၁)ဦးတို့အား ဂုဏ်ပြုခြင်း
အခမ်းအနားကို ယနေ့နံနက် (၁၀နာရီခွဲ ) က နေပြည်တော် ရှိ
အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာနဝန်ကြီး
သူရဦးအေးမြင့် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ရှေးဦးစွာ
ခြေလျင်နှင့်တောင်တက်အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မောင်က
မလိရေခဲ တောင်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ အခြေအနေများအား
ဗီဒီယိုဆလိုက်များ ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက်
ဝန်ကြီး သူရဦးအေးမြင့်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် -
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မည်သူမျှ တက်ရောက်ရခြင်း
မရှိသေးသည့် မလိရေခဲတောင်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့သည့် ဒေါက်တာခင်မောင် ခေါင်းဆောင်သော
ကျောင်းသား/ ကျောင်းသူများ မြန်မာနိုင်ငံ ခြေလျင်နှင့်
တောင်တက်အဖွဲ့ချုပ်မှ အားကစားမောင်/မယ်များအား
ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ တောင်တက်အားကစားနည်းသည်
လူငယ်တို့၏ ကိုယ်လက် ကြံ့ခိုင်ရေး ၊ စိတ်ဓါတ်ကြံ့ခိုင်ရေး၊
ကိုယ့်အားကိုယ်ကိုး လိုစိတ် တိုးပွားရေး၊ အခက်အခဲမှန်သမျှ
ကျော်လွှားလိုစိတ် ပြည့်ဝရေး၊ ဇွဲ၊ သတ္တိ လုံ့လ၊ ဝိရိယဖြင့်
မဖြစ်မနေ ဆောင်ရွက်လိုစိတ် ထက်သန်ရေး၊ ဖြူစင်ဖြောင့်မတ်သော
ကိုယ်ကျင့် တရား ရှိရေး၊ ကိုယ်ကျိုးစွန့်လွတ်ပြီးအများအကျိုး
သည်ပိုးလိုစိတ် များ ရင့်သန်စေရေး တို့ကို
လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြောင်း ၊ နိုင်ငံတော်အနေဖြင့်
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားစေရန်
၊ လူငယ်များ အမိမြန်မာနိုင်ငံ ၏ရေမြေတောတောင် သဘာဝကို
ချစ်မြတ်နိုးစေရန် ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်
ဖွံ့ဖြိုး စေရေးအတွက် အခြေခံကောင်းများ ရှာဖွေ
ဖော်ထုတ်ပေးနိုင်ရန် ၊ တိုင်းရင်းသားညီအကိုများ၏ လူနေမှုဘဝ
မြှင့်တင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ
ပါဝင်ဆောင်ရွက်လိုစိတ်များ ရှင်သန်တိုးပွား လာစေရန်၊
လူငယ်များ၏ စွန့်စားလိုစိတ်ကို အားပေးရန်နှင့် ဒေသန္တရ ဗဟုသုတ
အတွေ့အကြုံများ တိုးတက် ရရှိ စေရန် တို့အတွက်
ခြေလျင်နှင့်တောင်တက်လုပ်ငန်းများကို အားပေး
ကူညီနေရခြင်းဖြစ်ကြောင်း ၊ တောင်တက်ခြင်းသည်
သဘာဝအခက်အခဲများကို ကျော်လွှားခြင်း ဖြစ်သည့်အတွက် အခက်အခဲ
ကျော်လွှားရာမှ စည်းလုံးညီညွှတ်ခြင်း ၊ ကူညီရိုင်းပင်းခြင်း ၊
အမိန့်နာခံခြင်း၊ ဇွဲသတ္တိရှိခြင်း၊
ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ကြိုတင်မျှော်တွေးနိုင်ခြင်း၊
မဖြစ်မနေ ဆောင်ရွက် တတ်ခြင်းနှင့်ကျန်းမာ ကြံ့ခိုင်ခြင်းများ
အလိုလိုရရှိစေမှာဖြစ်သည့်အတွက် ယခု တက်ရောက်
ခဲ့ကြသူများအားလုံး ဤအရည်အချင်းများဖြင့် ပြည့်စုံပြီး
နိုင်ငံတော်ကို အပြည့်အဝ အလုပ်အကျွေး ပြုနိုင်မည့် နိုင်ငံ့သား
ကောင်းများ ဖြစ်လာစေရန် ဆက်လက်ကြိုးစားသွားကြရန် လိုကြောင်း၊
ယခုလို နှစ်သစ်ကူးပြောင်းတော့မည့် အချိန်အခါသမယတွင် အမြင့်ပေ
(၁၅၆၃၁)ပေ ရှိ မလိရေခဲတောင်ပေါ် တွင်
ပြည်ထောင်စုသမ္မတမြန်မာနို်ငံတော် အလံသစ်ကို ဂုဏ်ယူ
ဝံ့ကြွားစွာ စိုက်ထူနိုင်ခဲ့သည့်အတွက် ထပ်မံ၍
ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍
ဝန်ကြီးက မလိရေခဲတောင်သို့ တက်ရောက်ခဲ့သည့် ခြေလျင်နှင့်
တောင်တက်အဖွဲ့ဝင်များအား ကြယ်(၂)ပွင့် အဆင့်ရှိ
တောင်တက်သမားအဖြစ် သတ်မှတ်သည့် ရင်ထိုး တံဆိပ်များအား
တစ်ဦးချင်း တပ်ဆင်ပေးကာ ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
ခြေလျင်တောင်တက်အဖွဲ့ခေါင်းဆောင်မှ ဝန်ကြီးအား အထိမ်းအမှတ်
အလံနှင့် ရေခဲတောင်ဓါတ်ပုံအား အမှတ်တရလက်ဆောင်အဖြစ်
ပြန်လည်ပေးအပ်သည်။
ထို့နောက်
ခြေလျင်နှင့်တောင်တက်အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးမှ
ကျေးဇူးတင် စကားပြန် လည်ပြောကြားကာ အခမ်းအနားကို
ရုပ်သိမ်းလိုက်ပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက
ခြေလျင်နှင့်တောင်တက်အဖွဲ့ ဝင်များနှင့်အတူ အမှတ်တရ ဓါတ်ပုံ
ရိုက်ကူးကာ ဝန်ကြီးမှ နေ့လည်စာ ဖြင့်
တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ
မလိရေခဲတောင် တက်အဖွဲ့တွင် ရန်ကုန်ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်
၊ စီးပွားရေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊
ရတနာပုံတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊
မကွေးတက္ကသိုလ်တို့မှ ကျောင်းသား/ကျောင်းသူ (၁၆)ဦး၊
မြန်မာနိုင်ငံတောင်တက် အဖွဲချုပ်မှ
တောင်တက်အတွေ့အကြုံရှိသူအဖွဲ့ဝင် (၁၅)ဦး တို့ပါဝင်ပြီး
အမြင့်ပေ (၁၅၆၃၁)ပေရှိ မလိရေခဲတောင်သို့ နိုဝင်ဘာ(၄)ရက်မှ
ဒီဇင်ဘာ (၁၀)ရက်နေ့အထိ တက်ရောက်ခဲ့ကြကြောင်းနှင့်
မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲချုပ်အနေဖြင့်
၁၉၉၆ခုနှစ် စက်တင်ဘာလတွင် ခါကာဘိုရာဇီ
တောင်သို့လည်းကောင်း၊၂၀၀၁ခုနှစ်နှင့်၂၀၀၂ခုနှစ်ဧပြီလများတွင်ဖုန်ဂန်ရေခဲတောင်သို့
လည်းကောင်း၊
၂၀၀၂ခုနှစ်
အောက်တိုဘာလတွင် အီမောဘွန်းတောင်သို့လည်းကောင်း၊
၂၀၀၃ခုနှစ်ဖေဖော်ဝါရီလတွင် စာရာမေရိ တောင်သို့
လည်းကောင်း၊၂၀၀၃ခုနှစ်
ဒီဇင်ဘာလတွင်ဖန်ဂရန်ရေခဲတောင်သို့လည်းကောင်း၊ ၂၀၀၅ ခုနှစ်
အောက်တို ဘာလတွင် မဒွယ်ရေခဲတောင်သို့လည်းကောင်း၊
၂၀၀၇ခုနှစ်နိုဝင်ဘာလတွင် ဖုန်ရင်ရေခဲတောင်သို့လည်းကောင်း၊
၂၀၀၈ခုနှစ်နိုဝင်ဘာလတွင် ထောတဂေါရေခဲတောင်သို့ လည်းကောင်း၊
၂၀၀၉ခုနှစ်ဒီဇင်ဘာလတွင် ဇီယာရေခဲတောင်သို့ လည်းကောင်း
အောင်မြင်စွာ တက်ရောက် ခဲ့ပြီးဖြစ်သည်။
|