|
နေပြည်တော် ၊ဇူလိုင်(၂)။ မြန်မာနိုင်ငံအမျိုးသား
အားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးတင့်ဆန်းသည် ဇူလိုင်လ(၂)ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က နေပြည်တော်
မြို့မဈေး စုရပ်၌ ကျင်းပသော ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့
အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိကာ ပါဝင်ဆင်နွှဲသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ အားကစားဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ ၊မြန်မာနိုင်ငံ
အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဒေါ်ဌေးဌေးငြိမ်းနှင့်
အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နေပြည်တော် ၀န်ကြီးဌာန
အသီးသီးမှ အရာထမ်းအမှုထမ်းမှ စုစုပေါင်းအင်အား(၁၀၀၀၀)ကျော် ပါဝင်
ဆင်နွှဲကြသည်။
ရှေးဦးစွာ ပါဝင်ဆင်နွှဲကြသူများက နံနက်(၅)နာရီခွဲတွင်
မြို့မဈေးရှေ့စုရပ်၌ ၀င်ရောက် နေရာယူထားကြပြီး နံနက် ၅နာရီ ၄၅
မိနစ်တွင် သေနတ် ပစ်ဖေါက်၍ စတင်တာလွှတ်ကာ
စုပေါင်းလမ်းလျှောက်ကြသည်။ထို့နောက်
တောင်ညို-ပျဉ်းမနားလမ်းမကြီးအတိုင်း သပြေကုန်းအ၀ိုင်းမှ တစ်ဆင့် ရာဇ
သင်္ဂဟလမ်းရှိ ကျောက်မြက်ရတနာပြတိုက်ရှေ့သို့ ပန်းဝင်လာကြရာ အလှူရှင်
ကုမ္ပဏီများက ပုဏ္ဏားကွေကာများ၊ အချိုရည်၊ ရေသန့်နှင့် အစာပြေ
စားစရာများဖြင့် ကျွေးမွေးဧည့်ခံကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့သည် တာဝန်ရှိသူများ
နှင့် အတူ Myanmar International Convention Centre သို့ ရောက်ရှိပြီး
အဆိုပါ အဆောက်အဦ ရှေ့၌ ကျင်းပသော (၅၇)ကြိမ်မြောက် မြန်မာနိုင်ငံ
စက်ဘီးအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားတံခွန်စိုက်(အမျိုးသား/အမျိုးသမီး)
စက်ဘီးပြိုင်ပွဲ သို့တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးသာဌေးနှင့်
တာဝန်ရှိ သူများ တက်ရောက်ကြပြီး နံနက် ၆နာရီ ၄၅ မိနစ်တွင်
အမျိုးသားမီတာ(၄၀၀၀) တစ်ဦးချင်းစံချိန်ပြု ဗိုလ်လုပွဲကို စတင်တာ
လွှတ်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊
စက်ဘီးအားကစားဝါသနာ ရှင်များ တခဲနက် အားပေးကြသည်။
ယနေ့နံနက် ပိုင်းအမျိုးသားပြိုင်ပွဲများအပြီးတွင်
အမျိုးသမီးမီတာ(၅၀)တစ်ဦး ချင်း စံချိန်ပြု ဗိုလ်လုပွဲများကို
ဆက်လက်ကျင်းပပြီး ဇူလိုင်(၃)ရက်နံနက်ပိုင်း တွင် အမျိုးသမီး (၂၅)
ကီလိုမီတာ စံချိန်ပြု ပြိုင်ပွဲနှင့်အမျိုးသား (၅၀)ကီလိုမီတာ
စံချိန်ပြုပြိုင်ပွဲများကိုလည်းကောင်း ၊ဇူလိုင်(၅)ရက်နံနက်ပိုင်းတွင်
အမျိုးသား(၁၈၀)ကီလိုမီတာအုပ်စု၊ တစ်ဦးချင်းတာဝေးပြိုင်ပွဲနှင့်
အမျိုးသမီး(၁၂၀)ကီလိုမီတာ အုပ်စုတစ်ဦးချင်းတာဝေးပြိုင်ပွဲများကို
လည်းကောင်း၊ ဆက်လက် ကျင်းပကာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
|