|
ရန်ကုန်၊ သြဂုတ်(၂)ရက်။
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်(၃ဝ)ရက်နေ့မှ(၃၁)ရက်နေ့ အထိ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့၌ကျင်းပခဲ့သည့် ထိုင်းအပြည်ပြည်ဆိုင်ရာ
ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲသို့ အရှေ့တောင်အာရှမှ (၇)နိုင်ငံ၊ အာရှမှ
(၅)နိုင်ငံ၊ ဥရောပမှ(၁)နိုင်ငံ စုစုပေါင်း(၁၃)နိုင်ငံ
ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံမှ ရွှေ(၁)၊ ငွေ(၄)နှင့် ကြေး(၂)ခုဖြင့်
နိုင်ငံအလိုက် စတုတ္ထနေရာကို ရရှိခဲ့ပါသည်။
အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ (-၇၈)ကီလိုတန်းတွင်
မအေးအေးအောင် (စက်မှု-၁)က အိမ်ရှင်ထိုင်းနိုင်ငံ အေကလပ်နှင့် စီကလပ်၊
သီရိလင်္ကာနိုင်ငံ တို့ကို ယှဉ်ပြိုင်အနိုင်ယူကာ မြန်မာနိုင်ငံ အတွက်
ရွှေတံဆိပ်(၁)ခုကို ရယူပေးခဲ့ပြီး၊ (-၄၈) ကီလိုတန်းတွင်
မစဲလ်ဝီး(စက်မှု-၁)၊ (-၅၂)ကီလိုတန်းတွင် မသဉ္ဇာစိုး(ရထား)၊
(-၅၇)ကီလိုတန်းတွင် မဇင်မီမီသန်း(ရထား)နှင့် (-၇ဝ) ကီလိုတန်း တွင်
မသန္တာဝင်း(စက်မှု-၁)တို့က ငွေတံဆိပ်ဆု(၄)ခု၊ (-၄၈)ကီလို တန်းတွင်
မခင်ခင်စု(စက်မှု-၁)နှင့် (+၇၈)ကီလိုတန်းတွင် မခင်မျိုးသူ(ရထား) တို့က
ကြေးတံဆိပ် (၂)ခုဖြင့် စုစုပေါင်း ဆုတံဆိပ်(၇)ခုဆွတ်ခူးရရှိခဲ့သည်။
အောင်ပွဲရ ဂျူဒိုအားကစားသမားများသည် ယမန်နေ့ည (၆)နာရီခွဲက လေကြောင်း
ခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိရာ
အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ မိဘ
ဆွေမျိုးများနှင့် မိတ်သင်္ဂဟများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။
မြန်မာဂျူဒိုလက်ရွေးစင်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်
ဒုတိယ ဥက္ကဌ ဦးအေးကြည်၊ အုပ်ချုပ်သူ ဦးအောင်နိုင်ဆွေ၊ နည်းပြတစ်ဦး၊
ဒိုင် တစ်ဦးနှင့် အမျိုးသမီးအားကစား သမား(၈)ဦး စုစုပေါင်း(၁၂)ဦးတို့
ပြန်လည်လိုက်ပါခဲ့ပြီး၊ ဒိုင်(၂)ဦးမှာလည်း ပူးတွဲကျင်းပသည့် JUA
Referee Seminar IJF Continental Referee Examination Thailand 2011
ကိုဖြေဆို အောင်မြင်ပြီး အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးလက်မှတ်ကို
ရရှိခဲ့ပါ ကြောင်း သတင်းရရှိသည်။ |